by

Murakamist

ကာလ ကြာရှည်စွာခရီးနှင်အပြီးမှာတော့
စဦးမှတ်ကနေ ဘယ်မှ မရောက်ခဲ့မှန်းသိလာရတယ်၊
ဘဝဟာ လမ်းမဘေးက လူမစီးတဲ့ ခြားရဟတ်တစ်ခုပါပဲ။

(အသုံးပြုပြီးလျှင် စနစ်တကြ သိမ်းဆည်းပါ) အသုံးပြုနေစဉ်အတွင်း Red Door ထဲတွင် မိမိကိုယ်မိမိ လုံခြုံစွာ ထုပ်ပိုးသိမ်းဆည်းပါ ၊

မိမိကိုမိမိရွံရှာမိခြင်းအား စိတ်ဝေဒနာဟုခေါ်ပါ
ထို့နောက်ဆေးသောက်ပါ
တစ်ဘဝလုံးလောက်ဖြစ်ဖြစ် အိပ်နေပါ၊

ရုတ်တရက်ဆို သလို ဘဝဟာ သင်မငြင်းနိုင်မဲ့
ခေတ်ဟောင်းအလွမ်းသီချင်းတွေ ပွင့်လာတက်သော
သီချင်းဖွင့်စက်ဖြစ်ကြောင်းသိရှိရပါမည်။

“အမျှော်ကြာလဲမရောက်တဲ့ စိတ်ညစ်စရာကင်းကွာစေမဲ့မနက်ဖြန် _ စိုင်းခမ်းလိတ်”

အားရပါးရလိုက်ဆိုပါ၊ အခြားတဖက်ကို
အမဲလိုက်အက ဖြင့်သာ ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

ထို့နောက် ဘဝသည် ထို သီချင်းဖွင့်စက်မဟုတ်ပဲ
သင်သည် သီချင်းခွေဖြစ်ကြောင်း ဝမ်းနည်းစွာသိရှိရပါမည်။

ထိုသီချင်းသံများအား အဖက်ဖက်က ရွံရှာလာသည့်အခါ
ကြမ္မာဘက်က ရွေးခြယ်အဖွင့်မခံရဖို့ ဆုတောင်းမိလာတာပေါ့၊
ဖြူလာတဲ့ ဆံပင်တွေဟာ
တိပ်ခွေတွေမှိုတက်ကြောင်းမှာ
ဝမ်းမြောက်တယ်။

ဘဝဆိုတာ သီချင်းဖွင့်စက်နဲ့တွဲချည်ခံထားရတဲ့
ခြား ရဟတ် တစ်ခုပေါ့ကွယ်။

အောင်မြင့်မြတ် (၆၊၉၊၂၀၁၅)